Thursday, September 27, 2007

ရန်ကုန်တွင်ဆက်လက်သွေးစွန်းနေဆဲ


စစ်အစိုးရက ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသော သံဃာတော်များနှင့် ကျောင်းသားပြည်သူများကို ယနေ့ ဆက်လက်၍ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းသည်ဟု မျက်မြင်များက ပြောသည်။
ယနေ့ တွင် အင်အား ၇၀၀၀၀ ခန့်ရှိ သံဃာတော်များနှင့် ပြည်သူများပါဝင်သော ဆန္ဒပြစစ်ကြောင်းကို စစ်တပ်က အော်တိုမစ်တစ် စက်သေနတ်များသုံး၍ ပစ်ခတ်သည့် အတွက် လူ ၁၀ ဦးခန့် အပစ်ခံရပြီး ရာနှင့် ချီ၍ ဖမ်းဆီးခံရကြောင်း သိရသည်။
စစ်အစိုးရ သတင်းမီဒီယာကမူ ယနေ့ ဆန္ဒပြသူ ၉ ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
နံနက် ၉ နာရီ ခန့်က တောင်ဥက္ကလာပမြို့နယ် ကျက္ကဆံဘုရားအနီး၌ လုံထိန်းများနှင့်ပြည်သူများ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လုံထိန်းများက သေနတ်ဖောက်၍ မျက်ရည်ယိုဗုံး ၅ လုံးခန့် ပစ်ခွဲကာ လူ ၄ ဦး ကို ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု မျက်မြင်သက်သေတဦးကပြောသည်။
ယင်းကျက္ကဆံဘုရားတွင် စစ်သား ၆၀၀ ခန့်နှင့်လုံထိန်းရဲ ၁၀၀ ခန့်က ဘုရားဖူးလာသူများကို ဘုရားပရ၀ဏ် အတွင်းမှ နှင်ထုတ်၍ လမ်းများကိုလည်း ပိတ်ဆို့ထားကြောင်း ၎င်းကပြောသည်။
နေ့လယ် ၁၂ နာရီခန့်တွင် ဆူးလေဘုရားအနီးရှိ ဆန္ဒပြပွဲကို စစ်သားများနှင့် လုံထိန်းများက သေနတ်ဖြင့် ပစ်ခတ် နှိမ်နင်းခဲ့သည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် အသက် ၅၁ နှစ်ရှိ ကန်ဂျီနာဂါအိ အမည်ရှိ ဂျပန်နိုင်ငံသား ဓာတ်ပုံ သတင်းထောက် တဦး သေနတ်မှန်၍ သေဆုံးခဲ့သည်။ ယင်း ဂျပန်သတင်းထောက်အပြင် တခြား နိုင်ငံခြားသားတဦးလည်း သေနတ် ထိမှန်ခဲ့ သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
အာဏာပိုင်များဘက်က ဆန္ဒပြပွဲများကိုအင်အားသုံး အကြမ်းဖက်ဖြိုခွဲသော်လည်း ဆန္ဒပြသည့် သံဃာတော်နှင့် ပြည်သူများ လျော့မသွားကြောင်း သိရသည်။
ယနေ့ည ၈ နာရီကျော်အထိ ရန်ကုန်မြို့နေရာတချို့တွင် ဆန္ဒပြသူများက အာဏာပိုင်များကို ဆက်လက် ရင်ဆိုင် ဆင်နွှဲ နေကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ကလည်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သောကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသူများရှိခဲ့ပြီး သံဃာ ၅ ပါး ခန့် ပျံလွန်သွားခဲ့ကြောင်း မျက်မြင် သက်သေတဦးကပြောပြသည်။ ယနေ့သည် ဆန္ဒပြသူများကို စစ်တပ်က ဒုတိယမြောက်နေ့ အဖြစ် ဆက်လက်၍ ပစ်ခတ်နှိမ်နင်းခြင်းဖြစ်သည်။
ယမန်နေ့ညက ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး သုံးကျောင်းခန့်ကို စစ်တပ်နှင့် လုံထိန်းများက ၀င်ရောက် စီးနင်း၍ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာတပါး ပျံလွန်တော်မူခဲ့ပြီး သံဃာ အပါး ၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရ သည်ဟု သိရသည်။
ပျံလွန်သွားသည့် သံဃာတော်မှာ တောင်ဥက္ကလာပ မြို့နယ် ငွေကြာရံ ကျောင်းတိုက်မှ ဦးစန္တိမာ ဘွဲ့အမည်ရှိ သံဃာတော် ဖြစ်သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ယမန်နေ့ည ၁၂ နာရီ ကျော်က လက်နက်ကိုင်စစ်သား ၂၀၀ ကျော်နှင့် တုတ်များကိုင်ဆောင်ထားသည့် ကြံ့ဖွံ့များက သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းကို ၀င်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော် ဦးဟိန္ဒက ၊ ဦးဣန္ဒြိယ ၊ ဦးနန္ဒိယနှင့် ဦးမေသုတို့ အပါအ၀င် ကိုအောင်သန်း၊ ကိုဘိုထွန်း၊ ကိုအောင်ဇော်ဝင်းနှင့် ကိုသန်းထိုက်အောင် တို့အား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ကျောင်းပေါ်တက်တော့ ဖိနပ်တွလည်း မချွတ်ဘူး၊ ကိုရင်တွေကို ခြေထောက်နဲ့ ကန်နှိုးပြီး ဦးပဉ္ဖင်းတွေဘယ်မှာ အိပ်လဲ မေးတယ်၊ စစ်မြေပြင်ကို အချိန်ကိုက် ၀င်စီးသလိုပဲ၊ ဆရာတော်ကိုလည်း ရိုက်ပြီး အပြင်ထုတ် ခေါင်းကိုလည်း သင်္ကန်း အုပ်ခိုင်းထားတယ်”ဟု ယင်းအခြေအနေကို အစအဆုံးကြုံတွေ့ခဲ့သူ ကိုအိုးဝေက ဧရာဝတီသို့ ပြောသည်။
စစ်သားများ ပြန်လည်ထွက်ခွာချိန်တွင် ကျောင်းတံခါး သော့ကို ရိုက်ဖွင့်သွားသည်ဟုလည်း ၎င်းကပြောသည်။
အန်အယ်လ်ဒီပါတီဝင် ဖြစ်သူ ကိုအိုးဝေသည် လွန်ခဲ့သည့် လ ၂၈ ရက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲ၌ အာဏာပိုင် များ၏ အကြမ်းဖက် နှိမ်နင်းမှုကြောင့် ခြေတဘက် ကျိုးသွားခဲ့ရသည်။
တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံ စာသင်တိုက်ကိုလည်း ယမန်နေ့ည ၁၂ နာရီ ကျော်တွင် စစ်သားနှင့် လုံထိန်းများက သေနတ်ဖောက်၊ မျက်ရည်ယိုဗုံးသုံးကာ ၀င်ရောက် စီးနင်းပြီး သံဃာအပါး ၂၀၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ညက သေနတ်သံတွေ ကြားရတယ်၊ ဘုန်းဘုန်းတွေရဲ့ အော်သံတွေလည်းကြားရတယ်၊ မနက်ဘက် သွားကြည့် တော့ ဘုန်းကြီး ကျောင်း တကျောင်းလုံးကိုဖျက်ဆီးထားတယ်၊ သွေးကွက်တွေလည်း အများကြီးတွေ့တယ်”ဟု ငွေကြာရံ ကျောင်းအနီးတွင် နေထိုင်သည့် ကျောင်းသူတဦးကပြောသည်။
ဖမ်းဆီးခံရသူများတွင် တောင်ဥက္ကလာပ သံဃမဟာနာယက ဥက္ကဌ ဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။
မန္တလေးမြို့တွင်လည်း နံနက် ၁၁ နာရီခန့်က နန်းရှေ့ရှိ သာသန တက္ကသိုလ်မှ သံဃာတော် အပါး ၁၀၀ ကျော်စတင် ဆန္ဒပြခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် ဘုရားကြီးရှိကျောင်းတိုက်များ၊ ဒမိကာရာမ၊ အာသောကာရာမ အစရှိသည့် ကျောင်းတိုက်များမှ သံဃာတော် ၁၀၀၀၀ ခန့် ချီတက်ဆန္ဒပြခဲ့သည်။
စစ်တပ်နှင့်လုံထိန်းများက လူစည်ကားရာနေရာများတွင် လမ်းများကို သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားကြောင်း၊ ဘုရားကြီး ကျောင်းတိုက်၊ မြတောင်တိုက်၊ မစိုးရိမ်ကျောင်းတိုက်များအနီးတွင် လက်နက်အပြည့်အစုံနှင့် စစ်ကားများ၊ မီးသတ်ကား များကို အဆင်သင့် ပြင်ဆင်ထားသည်ဟု မျက်မြင်တဦးကပြောသည်။
ယနေ့တွင် တခြားသော မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ အမရပူရ မြို့များနှင့် စစ်ကိုင်းတိုင်းရှိ ကသာမြို့ တို့တွင်လည်း ဆန္ဒပြချီတက်ပွဲများဖြစ်ကြောင်း ဒေသခံမျက်မြင်များက ပြောဆိုသည်။ စစ်အစိုးရက အင်္ဂါနေ့ညက စတင်၍ ရန်ကုန်နှင့် မန္တလေးမြို့ကြီး ၂ မြို့တွင် ရက်ပေါင်း ၆၀ ညမထွက်ရ အမိန့်ကို ထုတ်ပြန် ထားသည်။

No comments: