Thursday, September 27, 2007

ဆန္ဒပြပွဲသတင်းများ


သွေးစွန်းလမ်းပေါ်မှ ဖိနပ်တရံ
ပန်းဆိုးတန်း ပစ်ခတ်မှုတွင် ဒဏ်ရာရ လူနာများ ရန်ကုန်ဆေးရုံကြီး အရေးပေါ်တွင် ရောက်ရှိနေသည်။ အသက်မသေ လွတ်မြောက် လာသော သတင်းပေးပို့သည့် ကျောင်းသားသည် ပြောရင်း စိတ်ထိခိုက်စွာ ငိုကြွေးလျက် ရှိသည်။
`လူနာတွေ အကုန်လုံးကို ပိတ်ဖြူ အုပ်အုပ်ပြီး ခေါ်သွားတယ်။ `အခု နောက်ဆုံး ရတဲ့ သတင်းတွေက ပန်းဆိုးတန်းမှာလဲ ရိုက်နေပြီ တဲ့။ အခု အရေးပေါ်မှာ လေးငါးဆယ်လောက် ရှိတယ်။ သိပ်တရားလွန်တာပဲ´ဟု ပြောကြားသည်။ ပစ်တာက ပစ်နေတာပဲ။ တောက်လျှောက်´ဟု ဆက်ပြောသည်။ဒဏ်ရာရ လူနာများအတွက် သွေးများ လိုအပ်နေကြောင်းလည်း အရေးပေါ်မှနေ၍ သတင်းပေးပို့ ပြောကြားသည်။

၅း ၃၅ နာရီ

ပန်းဆိုးတန်းတွင် စုရုံးနေသော လူထုကို စစ်တပ်က ဆက်တိုက် ပစ်ခတ်သည်။ လူထုသည် ၃၄ လမ်း၊ ဘားလမ်းဘက်သို့ အလုံးအရင်း ပြေးလာသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းကမှ ပန်းဆိုးတန်းမှနေ၍ အခြေအနေကို သတင်းပေးပို့ခဲ့သည့် ကျောင်းသား၏ ကံကြမ္မာကို မသိရပါ။ယနေ့ ပစ်ခတ်မှုတွင် သေဆုံးသူ ပြည်သူများ၏ အလောင်းများကို မည်သည့်နေရာသို့ သယ်သွားကြောင်း မသိရသေး။ ရန်ကုန်ဆေးရုံကြီးသို့ နိုင်ငံခြားသားအလောင်းသာ ရောက်လာသည်။ အလောင်း၏ ညာရင်အုံနှင့် ခါးနောက်တွင် ကျည်ဆန် ထိမှန်ထားသည်။ဒဏ်ရာရ လူနာများကို ကျိုက္ကဆံ ရွှေဗဟို ဆေးခန်းက အခမဲ့ ဆေးဝါးကုသပေးနေသည်။

ညနေ ၅ နာရီ

ပန်းဆိုးတန်း ပစ်ခတ်မှုတွင် ခွပ်ဒေါင်းအလံ ကိုင်သည့် လူငယ်တဦး ဦးခေါင်းကို ထိမှန်သွားကြောင်း၊ အသက်မရှင်ဖို့ များကြောင်း မျက်မြင်သက်သေ ၈၈ ကျောင်းသားများအဖွဲ့ဝင် တဦးက ပြောကြားသည်။ `မွတ်ဆလင် အဘိုးကြီးတယောက် ထိတယ်။ ဘုန်းကြီးတပါးက ညာရင်အုံ ထိတယ်´ဟု ပြောကြားသည်။ထရေးဒါးအနီး ပစ်ခတ်မှုတွင် သေဆုံးသူမှာ ဂျပန်သတင်းထောက် ဖြစ်ကြောင်း သိရသည်။ဆူးလေစေတီအနီး ပစ်ခတ်မှုတွင် နိုင်ငံခြားသားတဦး သေဆုံးကြောင်းနှင့် အန်အယ်လ်ဒီ သင်္ကန်းကျွန်း အန်အယ်လ်ဒီမှ လူငယ်တဦး စစ်တပ်က ပိတ်ဆို့ထားကြောင်း၊ သီရိမင်္ဂလာဈေးအနားတွင်လည်း ယခုချိန်ထိ လူထု စုရုံးနေကြောင်း ဆက်လက် ပြောကြားသည်။
သတင်းပြောကြားသည့် ၈၈ ကျောင်းသားက `ကျနော် သိပ်မပြောချင်ဘူး။ စိတ်ထဲ မကောင်းဘူး။ ရင်ထဲမှာ တော်တော်ခံစားရတယ်။ မြင်ရတဲ့ မြင်ကွင်းတွေက တဖက်သတ်´ဟု စိတ်လှုပ်ရှားသော အသံဖြင့် ပြောကြားသည်။ အချို့သတင်းပေးသူ လူငယ်များသည် ပြောရင်း ငိုယိုကြသည်။ မိန်းကလေးတဦးက `ငါတို့ ဘယ်လို လုပ်ကြမလဲ´ဟု ငိုသံပါဖြင့် ပြန်လည်မေးမြန်းသည်။

No comments: